အခွင့်အရေး၏ အဓိပ္ပာယ်
-
တည်နေရာအရ လည်းကောင်း၊ ပြည်တွင်း နိုင်ငံရေးအရ လည်းကောင်း နိုင်ငံတကာ၏
အာရုံစိုက်ရာ ဖြစ်လာခဲ့သလို နိုင်ငံအသစ် တည်ဆောက်သည့် ကာလတို့သည် မည်သည့်
နိုင်ငံတွင်မဆို အသစ်အသစ်သော အခွင့်အလမ်းတို့ ပေါ်ထွန်းသည့် အချိန်ကာလ
ဖြစ်သောကြောင့် ယနေ့ မြန်မာနိုင်ငံတွင် လွန်ခဲ့သော ဆယ်စုနှစ်ပေါင်း များစွာ
အတွင်း မမြင်ခဲ့ရသော အခွင့်အရေးများ ပေါ်ထွန်းလာသည်။
နှစ်များစွာ ချွတ်ခြုံကျခဲ့ပြီး ဘွဲ့ရသော်လည်း ပညာတတ်မတတ် မသေချာဘဲ
တစ်ကိုယ်ရေ တစ်ကာယ ပညာရှာ အားထုတ်နိုင်မှ တတ်သည့် ကိုယ့်ထူး ကိုယ်ချွန်
ပညာရေးကို ပြင်ဆင်ရန် ခြေလှမ်းများ လှမ်းနေပြီ။ ယခင့်ယခင်က သက်တမ်းရင့်
အတွေးအခေါ် များကို ခဝါချပြီး ခေတ်မီသော အတွေး အခေါ်များ ပညာရေးစနစ်တွင်
ဝင်ရောက်လာ သည်ကို မြင်ရသည်။ ဥပမာ - ဝန်ထမ်း မဟုတ်သည့် ပြည်တွင်းပြည်ပ
အတွေ့အကြုံရင့် မြန်မာ ပညာသည် Professianal၊ ပညာရှင် Scholar တို့သည်
ရန်ကုန် နည်းပညာ တက္ကသိုလ်တွင် ဧည့်ဆရာ (Guest Lecturer) အဖြစ်
သင်ကြားပို့ချခွင့် ရပြီ။ မြန်မာ့ တက္ကသိုလ်များနှင့် အမေရိကန်၊ ဥရောပ စသည့်
ပညာရည်မြင့် တက္ကသိုလ်များ (ကမ္ဘာကျော် တက္ကသိုလ်များ အပါအဝင်) ချိတ်ဆက်ရန်
စီစဉ် နေသောကြောင့် မြန်မာ ကျောင်းသားများ မြန်မာ တက္ကသိုလ်တွင် တစ်လှည့်၊
နိုင်ငံခြား တက္ကသိုလ် များတွင် တစ်လှည့် သင်ယူနိုင်မည့်၊ ဆရာများလည်း
အလဲအလှယ် သွားရောက် သင်ကြားနိုင်မည့် အခွင့်အရေးများ ပေါ်ထွန်းလာသည်။
မြန်မာ့ တက္ကသိုလ်များ၏ ပညာရည်အဆင့် တက်လာမည် ဖြစ်သောကြောင့် ကျောင်းသား
ကျောင်းသူများ ပညာရည် ပိုတိုးလာ တော့မည်။
ရန်ကုန် တက္ကသိုလ်တွင် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး
မစ်ချယ် သွားရောက် ဟောပြောသည်ကို ဓာတ်ပုံများတွင် တွေ့လိုက် ရသည်။
ယခင့်ယခင်က ဆိုလျှင် ရန်ကုန် တက္ကသိုလ်တွင်း နိုင်ငံခြားသား ပညာရှင်
လာရောက်ပို့ချဖို့ ခက်ခဲလှသည်။ အမေရိကန် သံအမတ်ဆိုလျှင် စဉ်းစားပင်
မရနိုင်။ နှစ်နိုင်ငံ ဆက်ဆံရေး မသင့်မြတ် သောကြောင့် အမေရိကန် သံအမတ်ကြီး
ရန်ကုန်တွင် မရှိခဲ့သည်မှာ နှစ်ပေါင်း ၂၀ ခန့် ရှိခဲ့သည်ကိုး။ ဒဲရစ်မစ်ချယ်
ရောက်လာသည်မှာ သိပ်မကြာလှသေး။ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်
သံအမတ်ကဲ့သို့ အတွေ့အကြုံရင့် အဆင့်မြင့် အရာရှိ တစ်ဦး၏ ဟောပြော ချက်ကို
နားထောင်ခွင့်ရ၊ ပြန်လည်မေးခွန်း မေးခွင့်ရသည်မှာ မြန်မာနိုင်ငံသား
စာသင်သားတို့ အတွက် အခွင့်အရေး တစ်ရပ်ပင် ဖြစ်သည်။ ထိုကဲ့သို့ပင်
နိုင်ငံတကာမှ ပညာရှင်များ၊ ပါမောက္ခများ လာရောက် ဟောပြောသည်ကို
မိမိနိုင်ငံတွင်းတွင်ပင် တက်ရောက် နားထောင်ခွင့် ရလာကြသည်။ Stiglitz၊
Francis Fukuyama ကဲ့သို့သော ကမ္ဘာကျော် ပညာရှင်များပင် လာရောက်ခဲ့ကြသည်။
ထိုသို့သော အခွင့်အရေးများ ယခင်မျိုးဆက်တို့ မရခဲ့ကြဘဲ ယခု မျိုးဆက်ကျမှ
ရကြခြင်းဖြစ်သည်။
ယခု အချိန်သည် ကျောင်းလျှောက်ရန် အကောင်းဆုံး အချိန် ဖြစ်သည်။
နိုင်ငံခြား ပညာတော် သင်ဆုများ သည်လည်း မြန်မာနိုင်ငံသူ နိုင်ငံသား၊
အထူးသဖြင့် လူငယ်များကို လာပါလှည့်၊ ယူပါလှည့်ဟု ကြိုဆိုဖိတ်ခေါ်
နေကြသယောင်။ အချို့သော ပညာသင်ဆု များသည် မြန်မာနိုင်ငံ အတွက် သီးသန့်
ဖော်ဆောင် ထားသော ပညာသင်ဆုများ ဖြစ်ပြီး အချို့ဆိုလျှင် ယခုနှစ်မှ
မြန်မာနိုင်ငံ ကျောင်းသား အတွက် သီးသန့်ဖော်ထုတ် လိုက်သော ဆုများဖြစ်သည်။။
ကျောင်း၊ ဘာသာရပ် အမျိုးအစား၊ အရေအတွက် စသည်ဖြင့် အမယ်စုံ ပညာတော်သင်ဆုများ
တစ်နေ့တခြား တိုးတက် များပြားလာ နေသောကြောင့် နိုင်ငံပြင်ပသို့ ထွက်ပြီး
ပညာသင် လိုသူများအဖို့ မိဘ မတတ်နိုင်လည်း သွားရောက်နိုင်ခြေ ပိုများလာပြီ။
ယခင်က ဆိုလျှင် အခြားနိုင်ငံ များကိုပေးပြီး မြန်မာနိုင်ငံကိုမူ
နိုင်ငံရေးကြောင့် သက်သက် ချန်ထားခဲ့ သည်များ ရှိခဲ့သည်။
ဥပမာ - အရှေ့တောင် အာရှ နိုင်ငံများမှ ကျောင်းသား များကို ပေးသော
ပညာသင်ဆု မြန်မာများ လျှောက်လျှင် မူမရ။ တံခါးများ ဖွင့်လိုက်ချိန်တွင်
ကမ္ဘာ့အဆင့် စီးပွားရေး လုပ်ငန်းရှင်တို့ မြန်မာနိုင်ငံကို စုပြုံ
စိတ်ဝင်စား လာကြသည်။ နာမည်ကျော် ဟိုတယ်ကြီးများ၊ ဘားများတွင် နိုင်ငံတကာမှ
စီးပွားရေး လုပ်ငန်းရှင်တို့ စကားလက်ဆုံ ကျနေသည်ကို မြင်နိုင်သည်။ ယခင်က
လာခဲ့သူများသည် သာမန်အဆင့်၊ အလယ်အလတ် အဆင့် တို့သာဖြစ်ပြီး ယခုအချိန်တွင်
ထိပ်တန်းကုမ္ပဏီများ၊ ထိပ်တန်း ပုဂ္ဂိုလ်များ လာရောက်နေကြပြီ။ ကမ္ဘာကျော်
Google ကုမ္ပဏီ ဥက္ကဋ္ဌ အဲရစ်ရှမစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းသည်
စီးပွားရေး နယ်ပယ်၊ နည်းပညာ နယ်ပယ်တွင် အထင်ရှား ဆုံးသော ဥပမာဖြစ်ပြီး
နိုင်ငံရေး နယ်ပယ်တွင် အမေရိကန် သမ္မတ အိုဘားမား လာရောက် ခဲ့သကဲ့သို့ပင်
မှတ်တိုင်တစ်ခု ဖြစ်သည်။
နိုင်ငံတကာ စီးပွားရေး လုပ်ငန်း ကြီးငယ် ရွယ်လတ်တို့ မျက်စိကျလာ
ခြင်းနှင့်အတူ မြန်မာတို့ အတွက် အခွင့်အလမ်း များလည်း မြင့်တက်လာသည်။
စီးပွားရေး အခွင့်အလမ်း များပြား တိုးတက် လာသော နိုင်ငံဖြစ်သော်လည်း
စတင်ထူထောင်စ ဖြစ်သည်နှင့်အညီ အဆင်သင့် ရုံးခန်းငှား၊ ဝန်ထမ်းငှား၊
လုပ်တတ်ကိုင်တတ်သူ အဆင် သင့်ဖြင့် စတင်နိုင်သော နိုင်ငံ မဟုတ်။ ထိုသို့
အဆင်သင့် တန်းပြီး ဆောင်ရွက်နိုင်သော နိုင်ငံဆိုလျှင်လည်း မြန်မာနိုင်ငံသည်
ဖွံ့ဖြိုးပြီး ဖြစ်လောက်ပြီ။
ထိုသို့သော အခြေအနေ အရပ်ရပ်ကြောင့် နိုင်ငံခြား စီးပွားရေး
လုပ်ငန်းများသည် မြန်မာ နိုင်ငံ၏ အကြောကိုသိသူ ဒေသခံ လုပ်ငန်းရှင်
များနှင့် မိတ်ဖက် လုပ်ကိုင်မှသာ အစိမ်း သက်သက် မြန်မာ့မြေတွင်
ရပ်တည်နိုင်မည်၊ အောင်မြင် နိုင်မည်။ ထိုသို့သော လိုအပ်ချက် တို့ကြောင့်
ပြည်တွင်းမှ လောက်လောက် လားလား ပုဂ္ဂလိက လုပ်ငန်း ရှင်တို့အတွက်
အခွင့်အလမ်းများ ပေါ်ထွန်း လာသည်။ စနစ်တကျ မိတ်ဖက် ရွေးချယ် လုပ်ကိုင်
တတ်လျှင် ငွေကြေး အကျိုးအမြတ် သာမက ပြည်ပကုမ္ပဏီ များကဲ့သို့ နိုင်ငံတကာ
အဆင့် လုပ်တတ် ကိုင်တတ်အောင် သင်ယူပြီး မိမိလည်း နောင်တွင် နိုင်ငံတကာတွင်
အားကောင်း မောင်းသန် လှုပ်ရှားနိုင်သည့် နိုင်ငံတကာ ကုမ္ပဏီ ဖြစ်လာနိုင်သည်။
အလုပ်ရှာ သူများ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်း အမယ်စုံလာသည်။
အထူးသဖြင့် ပြည်ပနှင့် ချိတ်ဆက်သော အလုပ်အကိုင် အခွင့်အလမ်းများ
တိုးတက်လာသည်။ ကမ္ဘာလှည့် ခရီးသွား၊ ဟိုတယ်၊ NGO နှင့် အခြားဆက်စပ်
လုပ်ငန်းများတွင် အမြင်သာဆုံး ဖြစ်သည်။ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာလျှင် စက်ရုံ၊ အလုပ်ရုံ တို့တွင်လည်း
နောင်တွင် အခွင့်အလမ်း တိုးတက်များပြား လာနိုင်သည်။ အင်္ဂလိပ်စကား၊ ဂျပန်စကား
စသော ဆိုင်ရာ ပြည်ပဘာသာစကား တတ်မြောက်သူတို့၊ နိုင်ငံတကာ အတွေ့အကြုံရှိသူ
တို့သည် ပိုပြီးအခွင့် အရေး ရကြလိမ့်ဖြစ်ရာ ဝမ်းစာ ဖြည့်ထားဖို့ လိုသည်။
ယခုလော လောဆယ်တွင် ထိုကဲ့သို့ နိုင်ငံတကာ အတွေ့ အကြုံရှိ၊ နိုင်ငံတကာ
ဘာသာစကားများ ကျွမ်းကျင်၊ မြန်မာလည်း ဖြစ်သူများ ရှာရခက် နေသေးသည်။
ဥပမာ - မြန်မာ နိုင်ငံတွင် ကျင်းပသော နိုင်ငံတကာ ပညာရပ် ညီလာခံများ၊
အစည်းအဝေး များတွင် ဘာသာရပ် လည်းသိ၊ ဘာသာပြန်လည်း ကျွမ်းသူများ
ရှားပါးလှသည်။ မြန်မာ့ ယဉ်ကျေးမှု ကပွဲ၊ ရုပ်သေးပွဲ၊ ပန်းချီ၊
ပန်းပုစသည်တို့၏ ရောင်းအားသည်လည်း တက်လာပြီ။ လမ်းဘေးတွင်
မြန်မာမုန့်ရောင်းနေသော သူတို့၏ ဖောက်သည် များတွင် နိုင်ငံခြားသား
အချိုးအစား တက်လာသည်။ မြန်မာနိုင်ငံကို စိတ်ဝင်စားမှု တက်လာသည်နှင့် အမျှ
မြန်မာနှင့် ပတ်သက်သည်များ ကိုလည်း စိတ်ဝင်စားမှု ရေမြင့်ကြာတင့်
တိုးတက်လာခဲ့သည်။
မြန်မာ့ အစားအသောက်၊ အနုပညာ၊ ကိုယ်လုံ ပညာတို့ကို အချိန်ကောင်း ဖြစ်သည့်
ယခုအချိန်တွင် စနစ်တကျ မြှင့်တင်နိုင်လျှင် (ဥပမာ- ထိုင်းသင်္ဘော သီးထောင်း၊
ကိုရီးယား တိုက်ကွမ်ဒို ကဲ့သို့) နိုင်ငံတကာတွင် မြန်မာ့ “ပါဝါနု” (Soft
Power) တက်လာပြီး အစားအသောက်၊ အနုပညာ သာမက မြန်မာ့ ကုန်ပစ္စည်း အားလုံး
အကျိုးခံစား ရမည်။ မြန်မာနိုင်ငံ သားတို့အတွက် အခွင့်အရေးသည် နိုင်ငံရေး၊
လူမှုရေး၊ နယ်ပယ် အများအပြားတွင် ပေါ်ပေါက်လာနေပြီး ဆောင်းပါးတစ်ပုဒ်တွင်း
ထည့်သွင်း ဖော်ပြရန် မဖြစ်နိုင်ပါ။
သို့သော် အခွင့်အရေးသည်
မည်မျှများပြား များပြား အသုံးမချ နိုင်သေးသရွေ့ အခွင့်အရေးသာ ဖြစ်နေသေး
မည်ဖြစ်ပြီး ပေါ်ထွန်းလာသော အခွင့်အလမ်း တို့ကို ပိုင်ပိုင်နိုင်နိုင်
ရယူနိုင်မှသာ နောက်တစ်ဆင့်သို့ ခုန်ပျံတက်လှမ်း နိုင်မည်။ အခွင့်အရေးကို
အကျပ်အတည်း သို့မဟုတ် စိန်ခေါ်မှုနှင့် အတူတွေ့ရ တတ်ခြင်းကြောင့်
အခွင့်အရေးကို အရယူလိုလျှင် အကျပ်အတည်း သို့မဟုတ် စိန်ခေါ်မှုကိုမူ
ကျော်လွှားရမည် ဖြစ်သည်။
ဇေယျသူ

No comments:
Post a Comment