Wednesday, April 10, 2013

သင်္ကြန်တွင် မူးယစ်ထောင်ချောက် သတိထားရန်လို

သင်္ကြန်တွင် မူးယစ်ထောင်ချောက် သတိထားရန်လို
မကြာမီ ကျင်းပမည့် သင်္ကြန်ပွဲတော် ဆင်နွှဲကြမည့် လူငယ်များ အထူးသဖြင့် အမျိုးသမီးများမှာ မသမာသူ အချို့၏ မူးယစ်ဆေးဝါးများ ရောစပ် တိုက်ကျွေးမှု များကို သတိပြု ရှောင်ရှားရန် လိုကြောင်း သတင်း ရရှိသည်။ သင်္ကြန် ကာလတွင် မသမာသူ အချို့က အမျိုးသမီး များနှင့် မိတ်ဆွေဖွဲ့၍ အရက်၊ ဘီယာ၊ ကော်ဖီ၊ အချိုရည် စသည့် အရည်များ အတွင်း စိတ်ကြွဆေး၊ စိတ်ငြိမ်ဆေး စသည့် မူးယစ်ဆေးဝါး များကို ရောစပ်၍ တိုက်ကျွေးကာ မသမာမှု အမျိုးမျိုးကို ပြုလုပ်နိုင်ကြောင်း သင်္ကြန်တွင် ရေကစားလေ့ ရှိသူများ ကပြောသည်။
နှလုံးရောဂါ သမားများ အတွက် ဆရာဝန် ညွှန်ကြားချက် အရသာ ၀ယ်ယူရသည့် အပရာ ဇိုလမ် (ဓာတုဗေဒအမည်) ကို အမှုန့်ပြုလုပ်၍ အရက်၊ ကော်ဖီ၊ ဘီယာစသည့် အရည်များတွင် ထည့်သွင်းရောစပ် လိုက်ပါက ရောစပ်ထည့် သွင်းသည့် မီလီဂရမ်ပေါ် မူတည်၍ သောက်သုံးမိသူမှာ လူမှန်းသူမှန်းမသိအောင် အိပ်မောကျ သွားနိုင်ကြောင်း ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ လှဌေးက ပြောသည်။ လွန်ခဲ့သည့်နှစ် အနည်းငယ်ခန့်က ဘန်ကောက်တွင် အဆိုပါ ဆေးဝါးခတ်ကာ ပစ္စည်း ဖြုတ်ယူမှုများ၊ မသမာမှုများ ဖြစ်ပွား ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ တွင်လည်း ယင်းဆေးဝါးကို ကန့်သတ် ဆေးဝါး အဖြစ် ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဆရာဝန် ကြီးက ပြောသည်။
“စိတ်ငြိမ်ဆေးနဲ့ အရက်နှစ်မျိုး တွဲလိုက်ရင် ဘာမှ မသိတော့ဘူး။ သင်္ကြန် စင်ပေါ်မှာ အချို့ အ၀တ်တောင် မကပ်နိုင် ကြတော့အောင် သတိလွတ်တာ တွေကတော့ စိတ်ကြွဆေး တွေတအား လွန်သွားတာ။ အရက်ကလည်း စိတ်ကြွတယ်။ အရက်နဲ့ ဆေးပြား ရောလိုက်ရင် အန္တရာယ် ရှိပါတယ်။ ဒါပေမဲ့ တချို့ အမျိုးသမီးတွေ ကိုယ်တိုင်က သုံးစွဲနေတာကို တွေ့နေရတယ်” ဟု ဒေါက်တာလှဌေး က ပြောသည်။ ယခုနှစ်သင်္ကြန်ကာလအတွင်း ကော်ဖီထဲတွင် မူးယစ်ဆေးခတ်တိုက်ကျွေးနိုင်ကြောင်း အမျိုး သမီးများအား သတိပေးထားသည့် အချက်အလက်အချို့ လူမှုကွန်ရက် ၀က်ဘ်ဆိုက် များတွင် ဖော်ပြနေကြသည်ကို တွေ့ရသည်။ ထို့ပြင် သင်္ကြန်ကာလအတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ဆန့်ကျင်ဖီလာသည့် အမျိုးသမီးများ၏ ၀တ်စားဆင်ယင်မှု ဖက်ရှင်များမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုပွင့်လင်း လွတ်လပ်လာနေပြီး ၎င်းတို့မှာ မူးယစ်ဆေးဝါး တစ်မျိုးမျိုးသုံးစွဲ ထားခြင်းကြောင့်သာ ယင်းသို့ ပြုလုပ်နိုင်ခြင်းဖြစ်ကြောင်း ထင်ကြေးပေး ပြောဆိုမှုများလည်း ရှိနေသည်။
“သင်္ကြန် မဏ္ဍပ်တွေမှာ ဒီလို ဆေးဝါးတွေတော့ သုံးလို့မရပါဘူး။ ဒါပေမဲ့ လူတစ်ဦးချင်းနဲ့ပဲ ဆိုင်ပါတယ်။ အချို့က တစ်နေရာက သုံးလာတယ်။ အိမ်ကသုံးလာမယ်၊ ပြီးရင်မဏ္ဍပ်ပေါ်တက်တာတော့ ရှိမှာပေါ့။ ခုနောက်ပိုင်း ice က ဈေးအရမ်းကြီးတော့ ဒါတွေကို ကိုင်သုံးနိုင်လောက်အောင် သာမန်လူငယ် တော်တော်များများမှာ ပိုက်ဆံမပေါပါဘူး” ဟု နာမည်ကြီး ဟစ်ဟော့ပ်အဆိုတော်တစ်ဦးက ပြောပါသည်။ မူးယစ်ဆေးဝါးများအနက် ခေါင်းခါဆေးဟု လူသိများသော မူးယစ်ဆေးဝါးမှာလည်း တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၄၀ မှ ၇၀ နီးပါးရှိပြီး ice ဆေးဝါးနည်းတူ ဈေးကြီးသောကြောင့် လူတိုင်းအလွယ်တကူမသုံးနိုင်ဘဲ မူးယစ်စေသည့် ဆေးဝါးများကို တစ်လွဲရောစပ်အသုံးပြုမှုများလာခြင်းကြောင့် ဆေးဝါး၏ ဘေးထွက်ဆိုးကျိုးများကို ခံစားရခြင်းဖြစ်ကြောင်း ဒေါက်တာလှဌေးက ပြောသည်။

7Day News

No comments:

Post a Comment